(ဒုတိယပိုင်း)
နယ်စပ်ဒေသ တောင်တန်းသာသနာပြုသွားတော့ ကြုံတွေ့ခဲ့တဲ့
အဖြစ်အပျက်လေးပါ။ ခန္တီးနယ် နန်ဖာဆိုတဲ့ သာသနာပြု
ဌာနမှာ။ အဲဒီမှာ ကလေးတွေကို စာသင်ပေးပါတယ်။ ယဉ်ကျေးမှု
တွေ၊ ဗုဒ္ဓဘာသာအကြောင်းတွေ သင်ပေးရင်း မြန်မာနိုင်ငံအကြောင်း
ပြောပြပေးပါတယ်။ တို့နိုင်ငံမှာ နှစ်ပေါင်းများစွာကတည်းက ယဉ်ကျေးတဲ့
လူ့အဖွဲ့အစည်းတွေ နေထိုင်းခဲ့တဲ့အကြောင်းတွေ သင်တာပါ။ အဲဒါတွေကို
မှတ်တမ်းမှတ်ရာတွေနဲ့ ပြောတဲ့အခါ သမိုင်းကြောင်းတစ်ခုဖြစ်လာတယ်
ဆိုတာကိုလဲ ရှင်းပြပါတယ်။ ဒါကြောင့် လူ့သမိုင်း၊ နိုင်ငံသမိုင်း ဆိုတာ
လူ့ဘဝသမိုင်းတွေကို ဖေါ်ပြထားတဲ့ သက်သေခံတွေဆိုတာကိုလဲ ရှင်းပြတာပါ။
ယဉ်ကျေးမှုသင်တယ်ဆိုပေမယ့် ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေ၊
ဆီးမီးပန်းကပ် လောက်တင်မကဘဲ ယဉ်ကျေးမှုအကြောင်း၊ အဲဒါရဲ့
တန်ဘိုးတွေ၊ နိုင်ငံသမိုင်းနဲ့ လူသားမျိုးနွယ်တွေ အကြောင်းပါ သင်ပေးတယ်...
ဆိုတဲ့ သတင်းက အဲဒီနယ်မှာပြန့်နှံ့သွားတယ်။ အစောပိုင်းက ကလေးလေးတွေ
လောက်သာ လာပေမယ့် တဖြည်းဖြည်းနဲ့ လူကြီးတွေပါ ပါလာတယ်။
စိတ်ဝင်စားလို့ လာနားထောင်တာလဲ ရှိတယ်။
ီ
အဲဒီ ချင်းတွင်းမြစ်ဝှမ်း တလျောက်လုံးလိုလို၊ အထူးသဖြင့် ခန္တီးနယ်မှာ
မြစ်ကြောင်းထဲကလဲ ရွှေထွက်တယ်။ တောင်တွေ ချောင်းတွေကလဲ ရွှေ
ထွက်တယ်။ အဲဒီမှာ ကြားမှော်လို့ ခေါ်တဲ့ ရွှေမှော်တစ်ခုလဲ ရှိတယ်။
ခန္တီးမြို့နဲ့ ဆယ်မိုင်လောက် ဝေးတယ်။ ဦးဇင်းရဲ့ ရွာနဲ့ နီးနီးလေး။
ရွှေမှော်ဆိုတော့ အနယ်နယ် အရပ်ရပ်က ရွှေရှာတဲ့သူတွေ၊
စီးပွါးရေးသမားတွေ၊ လုပ်ငန်းရှင်တွေ စတဲ့ လူတွေအများကြီး စုနေကြတယ်။
လူဦးရေ ထောင့်ငါးရာလောက် ရှိမယ်။ သူတို့တွေလဲ ဘုန်းဘုန်းရဲ့
သင်တန်းကို လာလေ့လာကြတယ်။ ကလေးတွေ ပို့ပေးတယ်။ သင်ယူစေတယ်။
သူတို့ထဲမှာ ရန်ကုန်သားတွေ တောင် ပါသေးတယ်။ မှော်မှာ နေတဲ့
အများစုက တောင်ပေါ်သား နာဂတွေ မဟုတ်ကြဘူး။ မန္တလေး၊ မုံရွာ
စတဲ့ ဒေသတွေကလဲပါတယ်။
သင်တန်းမှာ အနယ်နယ် အရပ်ရပ်က တန်းခိုးကြီး (နာမည်ကြီး)
ဘုရားပုံတွေကို ပြပြီးတော့ ဒီဘုရားက ဘယ်မြို့မှာရှိတာ။ ဘယ်သူတည်တာ။
လူတွေ ဘယ်လို ကြည်ညိုကြတာ စတာတွေကိုလဲ ပြောပြပေးတာပါ။
ပုံတွေကိုလဲ ဝေပေးတယ်။ ဒီလိုနဲ့ ရွှေတိဂုံဘုရားရဲ့ ကြီးကျယ်ပုံ
ခန်းနားထည်ဝါပုံ။ မြန်မာပြည်ဖွါး မှန်သမျှဟာ ကိုးကွယ်သည်ဖြစ်စေ၊
မကိုးကွယ်သည်ဖြစ်စေ ရွှေတိဂုံဟာ မြန်မာနိုင်ငံရဲ့ သင်္ကေတ၊ ပြယုဂ်၊
နိုင်ငံရဲ့ နိမိတ်ပုံပဲ။ ဟိုး ရှေးခေတ် သင်္ဘောတွေနဲ့ ခရီးသွားရတုန်းက
ပင်လယ်ဘက်နေ ရွှေတိဂုံရဲ့ ရွှေရောင်တောက်ပနေတာကို လှန်းပြီး
တော့ မြင်ကြရတဲ့အခါ အချို့သူတွေ ဝမ်းသာလွန်းလို့ မျက်ရည်များတောင်
ကျတယ်တဲ့။ ဘာဖြစ်လို့လဲဆိုရင် ဒါဟာ တို့မွေးဖွါးလာတဲ့ မြန်မာပြည်ပဲ
လို့ သိလိုက်ရလို့ပေါ့။ ပြောရရင် မြန်မာလို့ ကမ္ဘာက သိတဲ့၊ ထင်ရှားတဲ့
ပုံဆောင်ခဲတစ်ခုက ရွှေတိဂုံဖြစ်နေလို့ပဲ။ ရွှေတောင်ကြီးပုံထားသလို
သိပ်ကြီးကျယ်တဲ့ စေတီကြီးရှိတဲ့ နိုင်ငံလို့ သိကြလို့ပဲ။ ဒါကြောင့်
မြန်မာပြည်ဖွါးတိုင်း ဒါကို လေးလေးနက်နက် တန်ဘိုးထားတတ်ဖို့
တာဝန်ရှိပါတယ်…… စသဖြင့် ပြောပြတာပါ။
ပြီးတော့ ကလေးတွေကို မေးခွန်းတွေ မေးစေတာပါ။ သူတို့
မေးတတ်တဲ့ မေးခွန်တွေကို နားလည်အောင် ပြန်ရှင်းပြရတာပါ။
ဘေးပတ်လည်မှာ နားထောင်နေတဲ့ လူကြီးတွေလဲ တစ်ခါတလေ
မေးခွန်း မေးတတ်ပါတယ်။ အဲဒီအချိန် ကလေးငယ်တစ်ယောက်က
မေးခွန်းတစ်ခု မေးပါတယ်။ သူမေးတာက ရိုးရိုးလေးပါ။
“ဘုန်းဘုန်း၊ ရွှေတိဂုံဘုရားဆိုတာ ခန္တီးမြသိန်းတန် ဘုရားလောက်
ကြီးသလားတဲ့”။
ဒါဟာ ကလေးငယ်တစ်ယောက်ရဲ့ အသိက နိုးဆွလာတဲ့
မေးခွန်းတစ်ခုပါ။ သူ့ဘဝ သူ့ကမ္ဘာမှာ အကြီးဆုံးဆိုလို့ မြသိန်းတန်
ဘုရားတစ်ခုပဲ မြင်ဖူးတာပါ။ သူသိတဲ့ အသိကို တိုးချဲ့ဘို့ ဗဟုသုတ
ပေးတဲ့ ဝန်းကျင်ငတ်မွတ်ခေါင်းပါးမှု ပြဿနာပါ။ သူသိမြင်ပုံက
သူ့ကမ္ဘာဟာ အကြီးကျယ်ဆုံးလို့ အနိုင်တွက်ထားတာပါ။ ဒါဟာ
ကလေးရဲ့ အပြစ်မဟုတ်ပါဘူး။ အသိဥာဏ်ဝေငှပေးတဲ့ မျိုးဆက်
ဟောင်းတွေ တာဝန်မကျေမှုကြောင့် ဖြစ်ရတဲ့ ကိစ္စပါ။ ဗဟုသုတ
ချကျွေးပေးမယ့် နှလုံးသားပိုင်ရှင်တွေရဲ့ အကြင်နာတရားနဲ့
စွန့်စားမှုတွေ အများကြီးလိုအပ်နေသေးတာပါ။
ဒီမေးခွန်း မေးလိုက်တော့ မန်းလေး၊၊ ရန်ကုန်၊ မုံရွာဘက်က
ကလေးတွေက ဝိုင်းရယ်ကြပါတယ်။ ဟိုကလေးကတော့
မျက်စိကလယ် ကလယ်နဲ့။ ငေးကြည့်နေတယ်။ အဲဒီအချိန်မှာပဲ
ကလေးနားလည်အောင် ထပ်ရှင်းပြတယ်။ အတိုင်အထွာတွေ
ပေ၊ လက်မတွေ။ ဂိုက် တောင်တာတွေ နဲ့ ရှင်းပြတာပါ။ ဘယ်လိုရှင်းပြ
ပေမယ့် သိပ်လက်မခံချင်ပါဘူး။ မြသိန်းတန်က အကြီးဆုံးပဲလို့ ခုခံငြင်း
ဆန်နေတာပါ။ ဘေးကလူတွေက ပြုံးစေ့စေ့ ဖြစ်လာ။
ကလေးက ရှက်ရုံတင်မကဘဲ ငိုမဲ့မဲ့ပါဖြစ်လာတာပါ။ အသိဥာဏ်
ဆင့်ပွါးယူနေတဲ့ မျိုးဆက်သစ်ရဲ့ နှလုံးသားမှာ ဒဏ်ရာ အမာရွတ်တွေ
စွန်းထင်းစေလို့ မဖြစ်ပါဘူး။ သင်တန်းပြီးတော့ သူတို့ရွာက ရန်ကုန်
ရောက်ဖူးတဲ့ လူကိုခေါ်ပြီး ကလေးငယ်ကို ရှင်းပြခိုင်တော့မှ
ပြဿနာက ရှင်းတော့တာပါ။
ဒီနေရာမှာ သားတို့ သမီးတို့ သင်ခန်းစာယူဘို့က မေးခွန်ပြဿနာပဲ။
မေးရမယ့် မေးခွန်းက “ရွှေတိဂုံဆိုတာ မြသိန်းတန်ထက် ဘယ်လောက်
ပိုကြီးသလဲ” ။
အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတဆိုတာ အခြေအနေ နဲ့
အချိန်အခါသင့်မှသာ ကို့နှလုံးသွေးထဲကို စီးဝင်လာလေ့ ရှိတာပါ။
ကြိုးစားရယူမှုများလေလေ တန်ဘိုးမြင့်မားလေလေပေါ့။
စောစောက ကလေးငယ်လို မျက်ရည်တွေစွန်းပေပြီးမှ ရလိုက်တဲ့
အသိလေးဟာ တန်ဘိုးရှိတယ်ဆိုပေမယ့် မျက်ရည်ကျမှုများလာ
ရင် ရှက်သွေးတွေ ပွက်ပွက်ဆူလာတတ်တယ်။ ဒါဟာ ဘယ်
ကောင်းပါ့မလဲ။ ဒါကြောင့် ဒီနေ့ စသင်မယ့် သင်ခန်းစာတွေ
ဗဟုသုတပညာတွေဟာ သားတို့ သမီးတို့ ဘဝမှာ မေးခွန်းလေး
မေးတတ်အောင်၊ လူလယ်မှာ ရှက်သွေးဖြာရမယ့်သူများ
မဟုတ်ဘဲ။ ရဲသွေးနီရမယ့်သူများ ဖြစ်ကြပါစေကြောင်း…
ပန်းတွေမနက်တိုင်းပွင့်သလို အသိဥာဏ်တွေ အမြဲပွင့်
ကြပါစေကြောင်း.....။
…..။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ရှင်ဥာဏိန္ဒ
11.3.2013
စာကြွင်း…
ဂင်္ဂါကြီးက အင်း... ဝဋ်တော့ကျွတ်ပဟေ့ ဟူသော
အကြည့်ဖြင့်စူးစိုက်စေ။
သင်တန်းသူ သင်တန်းသားများ၊ တက်ရောက်ကြသူများက
သာဓုသုံးကြိမ်ခေါ်စေ။
အဲသလို ပြောမလို့ ရည်ရွယ်ထားတာပါ ဆရာမရယ်.....။
No comments:
Post a Comment