Wednesday, 6 March 2013

အနာဂတ်မြစ်တွေ မခြောက်ခန်းစေဘို့

အိုး... ဟိုး.... ဟိုမှာကြည့်စမ်း အိပ်မက်မြစ်တွေ ပြိုကျခဲ့ပြီ။
အိုး.... ဟိုး.. အနာဂါတ်မြစ်တွေ ခြောက်ခန်းခဲပြီ..။

 မြူတွေဆိုင်းနေတဲ့ ညနေခင်းများနဲ့ တောင်အရိပ်တွေ ရုတ်ရုတ်ပြေးနေတဲ့ ရွာလေးဆီ။
ရွာအဝင် လမ်းဘေး လက်ဖက်ရည်ဆိုင်လေးဆီမှ ဆူညံစွာ
စီမျောနေသော ခေတ်ရဲ့ ဂီတသံတွေက ဝန်းကျင်ကို ဖုံးလွှမ်းနေသည်။
အချိုးအကွေ့များနဲ့ ရင်ခုန်သံတွေ အကြိမ်ကြိမ်ပြောင်းလဲနေသော ရွာလေးဆီ
မရောက်ဖြစ်တာ ငါးနှစ်လောက်ကြာခဲ့ပြီ။ ဤကာလအတွင်း လျင်မြင်သော
အရွေ့တွေက ရွာလေးကို ဆေးရောင် အမျိုးမျိုး ရောစပ်လိုက်သည်။ မြင်နေကျ မြင်ကွင်းများ
ကြားနေကျ အသံများ ဝေဝါးလွင့်ပါးလို့။  ခပ်ဟော့ဟော့ အသွင်သစ်များနဲ့ ခေတ်သစ်ရဲ့
မြူးကြွသံစဉ်တွေက အစားထိုးနေရာယူထားပြီ။ ရွာအဝင် ဆည်းဆာချိန်မြင်ကွင်းတွေက
မြို့ပြရဲ့ အနံ့အသက်တွေ ထုံမွှမ်းလို့ နှလုံးခုန်ဘွယ်။ အော်… လွမ်းမောဘွယ်ပ။

ဒီနွေရဲ့ ရွက်ကြွေရာသီမှာ မဖြစ်မနေ သွားရောက်ဖို့ အကြောင်းဖန်လာခဲ့သည်။ ငယ်ဆရာရဲ့
ဆရာလဲဖြစ်၊ မိမိရဲ့ ဥပဇ္ဈာယ်လဲဖြစ်သော ဆရာတော်ရဲ့ အသက်ရှစ်ဆယ်ပြည့်မွေးနေ့။
မွေးနေ့ပွဲအကြိုည တရားဟောရမည် ဟူသတတ်။
          ''မင်းကျောင်း ပြီးတော့မယ်ဆို။ ရွာပြန်လာမှာလား။ ဟိုမှာဆက်နေမှာလား။
ရွာကိုလဲ ပစ်မထားနဲ့။ ကလေးတွေ ဘုန်းကြီးကျောင်းနဲ့ အလှမ်းဝေးကုန်ပြီ။ အဲဒါ
တို့ဘုန်းကြီးတွေမှာ တာဝန်ရှိတယ်။”


          ဆရာတော်အား အရိုအသေပေးပြီးပြီးချင်း ဆရာတော်၏ မေးခွန်းများနဲ့ ရည်ညွန်းချက်ကို တစ်ပါတည်း ကြားနာလိုက်ရသည်။ တပည့်ကြီးတစ်ချို့ ဆရာတော်နား ဝိုင်းထိုင်ပြီး ဆရာတော် ဆက်မိန့်မည့် စကားကို နားစွင့်နေမိသည်။ သက်တော်ရှစ်ဆယ်အရွယ် ဆရာတော်၏ အသံတော်တစ်ဆိတ်တုန်နေသော်လည်း စကားလုံးများ ရှင်းလင်းကြည်လင်နေသေးသည်။ သြဇာပြည့်သော အသံတော်ဖြင့် ရွာသူရွာသားများ စည်းလုံးညီညွတ်အောင်၊ ဘာသာရေး အတွေးအမြင်ရှိအောင်၊ ဗုဒ္ဓဘာသာသွေးနွေးနေအောင် တစ်သက်လုံးဆုံးမခဲ့သော ဆရာတော်။ ယခုထိအောင် အနာဂတ် မျှော်လင့်ချက်များ ဝင်းပလင်းလက်သော ဆရာတော်၏ ခွန်အားများက တပည့်တွေအပေါ် လွှမ်းမိုးနေဆဲ။ မျှော်လင့်ခဲ့သော ပန်းတိုင်သို့ လျောက်လှမ်းခဲ့ရာ ဘဝခရီးတစ်ခုလုံး ဗုဒ္ဓသာသနာအတွက် ရင်းနှီးမြှပ်နှံထားသော နှလုံးသားပိုင်ရှင်။ ရှင်ငယ် ရဟန်းလေးများကို သာသနာအတွက် အနာဂါတ်ရေသောက်မြစ် အဖြစ်ဖြင့် ယုံကြည်ထားဆဲ။ ကိုယ်တိုင်လဲ ပြုစု ပျိုးထောင်၊ လက်ဆင့်ကမ်း အမွေများစွာလဲ ချန်ထားခဲ့ရန် ကြိုးစားနေဆဲ။
         
          “အေး… ငါကလဲ အသက်ကြီးပြီ။ ဒီနယ်မှာ ဆက်လုပ်နိုင်မယ့် သာသနာအပေါ် သဒ္ဓါရှိတဲ့ တစ်ပါးပါးတော့ ဦးဆောင်ဘို့ လိုနေပြီ။ စဉ်းစားကြည့်ပေါ့။ ကံကြီး ကံငယ်ကိစ္စလေးမှာတောင် မျက်နှာလွဲဘို့ ခက်နေတယ်။”

          ယဉ်ကျေးမှုတွေနဲ့ ရောစပ်ထားတဲ့ လူသားမျိုးနွယ်တွေ ပိုထွန်းကားလေအောင် ပုံဖေါ်ဘို့ ရွာမှာကျောင်းထိုင်ပြီဆိုကတည်းက ကြိုးစားခဲ့သော ဆရာတော်၏ စကားများသည် တပည့်ကြီးများ အပေါ်သို့ တာဝန်နဲ့ ဝတ္တရားနှစ်ခုလုံးကို လွဲပြောင်းပေးချင်ဟန်တူပေသည်။ နုပျိုတက်ကြွသော တပည့်များကို အားကိုးတကြီး မွေးမြူခဲ့သော်လည်း ထွန်းပေါက်တောက်ပခဲ့ခြင်းမရှိ။ ရှိခဲ့သူများကလဲ သာသနာတော်မှာ မပျော်မွေ့ခဲ့။ မိမိနှင့် ရွယ်တူ ဦးဓမ္မိဿရမှာ နိုင်ငံခြားမှာ ဘီအေ၊ အမ်အေ၊ တွေရပြီး ပြန်လာတော့ ဆရာတော် အတော်အားကိုးခဲ့သေးသည်။ ရပ်ရေးရွာရေး ကိစ္စ ကြီးငယ် အတော်များများကို လက်လွဲတော်မူခဲ့သည်။ ကလေးသူငယ်များ ယဉ်ကျေးလိမ္မာ သင်တန်းများ၊ ဘာသာရေး ဟောပြောပွဲများ၊ တရားပွဲများ၊ ရွာသားတွေ ခေတ်အမြင်ရှိအောင် အင်္ဂလိပ်စာသင်တန်းများကို ဦးဆောင်သင်ကြားပေးနေတာကြည့်ပြီး ဆရာတော်မှာ ဂုဏ်ယူမဆုံး။ အခြားရွာရှိ ကလေးသူငယ်များ။ ကျောင်းသူကျောင်းသားများကိုပင် ကြုံရင်ကြုံသလို “ဟေ့…. တို့ကျောင်းမှာ အင်္ဂလိပ်စာတွေ သင်ပေးနေတာ။ မင်းတို့ခေတ်က အဲဒါ တတ်ထားမှ၊ လာသင်ကြ” စသဖြင့် ကိုယ်တိုင်ဆော်အော်ပေးတတ်သည်။ ကွန်ပျူတာ သင်တန်းဆက်ဖွင့်ချင်တယ် ပြောလာတော့လဲ မီးစက်၊ ရေကန် စသည့် လိုအပ်ချက်များ ဖြည့်ဆီးပေးခဲ့သည်။ ဆရာတော်၏ အားပေးမှု၊ တပည့်ဦးဓမ္မိဿရ ကြိုးပန်းမှုတို့ကြောင့် နှစ်နှစ်သုံးနှစ် အတွင်းမှာ မျက်စိပွင့် နားပွင့်လာကြသူများ မနဲလှ။ အောင်မြင်မှုတွေလဲ ရလာသည်။ ရွာနီးပတ်ဝန်းကျင်ထိမကဘဲ မြို့ပေါ်ထိအောင် သတင်းမွှေးခဲ့သည်။ … ဆရာတော်သည်က အခါသင့်လို့ သြဝါဒပေးတိုင်း သူ့တပည့်တစ်ယောက်တော့ တကယ်ထွန်းပေါက်ပြီဟူသော ဝမ်းသာစကား အမြဲလိုလို မိန့်ချွေနေတော်မူသည်။ ဦးဓမ္မိဿရ နိုင်ငံခြားမှာ ဒေါက်ာတာဘွဲ့ ဆက်ယူမည်ဆိုသောအခါ ဆရာတော်ကိုယ်တိုင်ပင် ဒကာဒကာမများကို စည်းရုံးပြီး ထောက်ပံ့ရန် တိုက်တွန်းမူသေးသည်။ ငါ့တပည့် ဒေါက်တာကြီးပင် ဖြစ်တော့မည်ဟူသော အတွေးများက ဆရာတော်၏ နှလုံးသွေးဝယ် မွှေးနေအောင် စီးဆင်းနေပေမည်။ ဝမ်းသာမှုပန်းခင်းတွေက ကြော်ညာသူမပါဘဲ အလိုလို ဆိုက်ရောက်လာတော့မည်ဟူသော ရင်ခုန်လှုပ်ရှားခြင်းတွေ ဆရာတော်မျက်နှာပေါ် အထင်းသားပေါ်နေသည်။ သို့သော်… ထိုသို့သော်ပေါ့။

          သို့သော် ကံကောင်းခြင်းတွေကို အတွဲပြည့်တင်ဆောင်လာမည်ဟူသော အိပ်မက်ဆဲဝယ် မီးမုန်တိုင်းတစ်ခုသည် ညနေခင်းကို တိုက်စားပစ်လိုက်သည်။ နှလုံးသားနံရံ တစ်ခုလုံး အပျော်တွေ စီးနေမည့်အစား တောနက်တို့ရဲ့ ငိုငြီးသံများ၊ သားရဲရိုင်းတစ်ကောင်ရဲ့ မာန်ရစ်သံများသာ ကျန်ခဲ့လေတော့သည်။ စူးဝင်လာသော လောကဓံ မြားတစ်စင်းကို ခုခံကာကွယ်ရန်အတွက် သမာဓိတရားသည် အကောင်းဆုံး လက်နက်ဖြစ်သည် ဆိုငြားသော်လည်း လှောင်မြိုက်လေသော အပူမီးတို့ကြောင့် အရွယ်တော်ရင့်ကာမှ မျက်ရည်တို့ဝေကျခဲ့ဖူးသည်။
          သူ့စိတ်နဲ့ သူ့ကိုယ် သာသနာတော်ကို ကျောခိုင်းလေသော တပည့်တစ်ယောက်ကို ဘယ်လို ဥပဒေပုဒ်မများနဲ့ အရေးယူလို့ ရမှာလဲ။ နောက်ဆုံးတော့ ဒါဟာသဘာဝတရား တစ်ခုပေမို့ သင်္ခါရလမ်းကြောင်းမှာ ကြုံဆုံရမည့် မှတ်တိုင်တစ်ခုဟုသာ ဖြေသိမ့်ရလေသည်။

          ဒီအရင် မတိုင်ခင်ကလဲ အားကိုးရသည့်တပည့်တစ်ယောက် တောင်ဘက်က ရွာကျောင်းအပ်လိုက်သည်။ ဘွဲ့ရဆိုတော့ နယ်မှာ သတင်းကြားတာနဲ့ လူတွေကလဲ အလိုလိုက်ကြသည်။ လိုလေသေးမရှိအောင် ထောက်ပံ့ကြသည်။ ငါးနှစ်လောက်ကြာတော့ မင်းသားက ခြေပျက်လာသည်။ ရပ်သူရွာသားများ လာလာပြောတာကို မယုံချင်။ တပည့်တစ်ယောက် ဒီလောက် ပျက်စီးမြန်လိမ့်မည်ဟု ဆရာတော် မယုံ။ ဝိနည်းတော်ဥပဒေတွေ လွန်ကျူးနေတယ်ဆိုတာမဖြစ်နိုင်။ ကိုယ်တော်တိုင် ရှေးကကာကွယ်ကာ တပည့်ကို နှစ်ကိုယ်ကြား အတွင်းစကားတွေနဲ့ ဆုံးမတော်မူခဲ့သေးသည်။ နောက်ဆုံးတော် မာတုဂါမနဲ့ တကယ်ပင် လူထွက်သွားတော့သည်။ ဒီတုန်းကလဲ ဆရာတော်မှာ သာသနာတော်အတွက် အားအတော်ပျက်ခဲ့ ရသေးသည်။ အဲဒီရွာကျောင်းကိုလဲ ဘုန်းကြီးရှိတယ်ဆိုရုံ တောထွက်တစ်ပါးအပ်ထားရသည်။
သီလပေး ရေစက်ချကလေးပင် မချောချင်။ သာရေးနာရေးဆို ဆရာတော်ကိုယ်တိုင်ပင် ဦးဆောင်နေရသည်။ အနီးအနားရွာကျောင်းကလဲ သိပ်မထူးလှ။ အဟောအပြောမဖြစ်။ သူ့စကားပင် ဘာဆိုလိုတယ်ဆိုတာ သိမှ သိပါလေစ။ ကိုရင်ငယ်လေးတွေ ကျောင်းသားငယ်လေးတွေ မမွေးတတ်။ နောက်ဆုံး ကျောင်းသားကိုရင်များမရှိတော့ ရွာသားတွေ အလှည့်ကျ ကျောင်းစောင့်ပေးရသည်။ ဆွမ်းတော်ကပ် ဆွမ်းကပ်လုပ်ပေးရသည်။ 

          ဟိုစဉ်ခါတုန်းက ကျောင်းသား သုံးလေးဆယ်ရှိခဲ့သော တောကျောင်းတွေ အခုတော့ ဟောင်းလောင်းဖြစ်ကုန်ပြီ။ ကျောင်းထိုင်က တောထွက်။ သာသနာတော်ကို တာဝန်သိသိ တကယ် မထမ်းပိုးတတ်။ ပညာတတ်ဘွဲ့ရတွေက ရွာပြန်လာရင် လူအထင်ကြီးမှုများပြီး လူထွက်သွားကြသည်က များ။ နောက်တော့ တစ်မျိုးဖြစ်လာသည်။ ဘွဲ့ရဦးဇင်းငယ်တွေရဲ့ အသိုင်း အဝိုင်းများက မြို့မှာသာနေ။ တောပြန်မလာနဲ့။ တောနဲ့ ဦးဇင်းတို့ ပညာတွေနဲ့ မတန်ဘူး ဟူသော စစ်ကြေညာသံတွေက တောကျောင်းများမှာ တောထွက်တောင်ပြန်များ ကြီးစိုးနိုင်ဘို့ အခွင့်အရေးဖြစ်လာသည်။ ကံကြီးကံငယ်ကိစ္မများဆို မလုပ်တတ်မကိုင်တတ်။ ရဟန်းလောင်းလေးပါး တစ်ပြိုင်တည်း ကံဆောင်မှုတွေဖြစ်လာသည့်အထိပင်။ မြို့ပြနဲ့ အလှမ်းဝေးရာ လယ်ကွင်းစိမ်းစိမ်းကြားက ရိုးသားမှုကို ခြေကုတ်ယူဘို့ သွေးတိုးစမ်းလာသော အခြားဘာသာများက ဆင်ကြံကြံနေကြသည်။
          အသိဥာဏ်ကို ငွေကြေးနဲ့ တူဆွနေရသော ကနေ့ခေတ်ဝယ် ဘုန်းကြီးကျောင်းနဲ့ အလှန်းဝေးလေသော လူငယ်များအတွက် ဘာသာတရားဟူသည် ခေါင်းစဉ်သက်သက်မျှသာ။ ပျော်ရာကို ယိမ်း၍ သာရာကို တိမ်းလေ့ရှိနေသည်။ လွတ်လပ်ခွင့်ဟူသော ကျောက်ထွင်းအက္ခရာကို ရွှေဘောင်ကွပ်ထမ်းပိုးလျက် စော်ကားဝံ့သည် မဟုတ်သည့်တိုင် ကျောခိုင်းလိုက်ဖို့ ဝန်မလေးကြ။ ဒါသည် ရဟန်းတော်များရဲ့ စည်းရုံးသွေးဆောင်မှု အားနဲခဲ့ခြင်း တစ်ခုဖြစ်ပေမည်။ ကလေးအရွယ်ကတည်းက စည်းရုံးနိုင်မှု၊ ဘာသာရေးအသိ ဖြန့်ဝေပေးမှု အချိုးကျ မရခဲ့လေသော ပြစ်ဒဏ်တစ်ခုဖြစ်ပေမည်။ တောကျောင်းများတွင် ပညာမဲ့ သက်တော်ရင့် များ ကြီးစိုးလာခြင်းကလဲ သာသနာတော်အတွက် ဒဏ်ရာကို ထပ်ဆင့်ထိုးနှက်လိုက်သလိုပင်။ ကျောင်းသားငယ်၊ ရှင်ငယ်၊ ရဟန်းငယ်များကို မြေထောင်မြောက်ရမည့်အစား လူပေါင်းပေါင်းလျက် အချိန်ကုန်နေကြသည်ကလဲ အားငယ်စရာပင်။ 

          ဘာသာရေးဟူသည် သွေးဆူမှ လုပ်ရမည်ဆိုလျင်အတော်ပင်   နောက်ကျနေခဲ့ပြီ။ နေ့စဉ်နေ့တိုင်း သွေးနွေးနေဘို့ ။
 ဘာသာဝင်တိုင်း အသိတွေ သတိတွေနဲ့ အမြဲကျင့်ကြံတတ်ဘို့ လိုအပ်ကြောင်း။ ဒီနယ်မှာ ဒီလိုဦးဆောင်နိုင်သူ လိုအပ်နေပြီ ဖြစ်ကြောင်း… ဆရာတော်က ဆက်လက်မိန့််တော်မူသည်။

          ပညာတတ်တွေ တောကိုလဲ ပြန်လာဘို့လိုအပ်တယ်။ သာသနာချစ်စိတ်နဲ့ အနာဂတ်မြစ်ရေတွေ ဆက်စီးစေဘို့ ယခုကတည်းပင် ထိန်းသိမ်းပြုပြင်ဘို့ လိုပြီဟူသော ဆရာတော်၏ စကားကို နှလုံးသွေးမှာ နွေးနေအောင် မှတ်သားမိပေသည်။
          ဆရာတော်၏ မွေးနေ့ပူဇော်ပွဲမှ အပြန်လမ်းဝယ် မြူခိုးတွေ ရစ်ဝိုင်းနေသော ဟိုး…. အဝေးကတောင်ခြေ တောတန်းလေးဆီမှ ပန်းလျလျ တွန်းကျူးလိုက်သော ချိုးကူသံကို ကြားလိုက်ရပေသည်။ တောင်ကျစမ်းရေသံကိုလဲ ကြားလိုက်ရပေသည်။ နှေးကန်သော ခြေလှမ်းများဖြင့်… ဆုတောင်းမိပေသည်။ စမ်းတွေလဲ မခမ်းပါစေနဲ့။ ပန်းတွေလဲ မနွမ်းပါစေနဲ့။ အနာဂတ်မြစ်တွေလဲ မခမ်းပါစေနဲ့။

          အရှင်ဥာဏိန္ဒ
          ၆.၃.၂၀၁၃.

No comments:

Post a Comment