မနက်ခင်တစ်ခုလုံး လင်းလက် ဝင်းပနေသည်မှာ ကြည်နူးစရာပင်။
သတ္တဝါတွေ၊ သက်ရှိ သက်မဲ့တွေ ကျန်းမာကြစေဖို့
မေတ္တာပို့နေသော တေးသံသဲ့သဲ့တွေ လွင့်ပြန့်နေသည်မှာလဲ နွေဦးရဲ့
လက်ကျန်နှင်းမုံတွေနဲ့ အတူ ရင်ဝယ်အေးမြစေလေသည်။
အမိမြန်မာပြည်၏ အေးချမ်းမှုတွေ လူသားအချင်းချင်း လူပီသမှုတွေ
ရင်ခုန်ဖွယ် နွေးထွေးမှုတွေနဲ့ ဒီမနက်ခင်းကို စောစော ကြိုဆိုလိုက်သည်။
မိတ်ဆွေကြီး ဓမ္မဂင်္ဂါနဲ့ ဖွင့်ပွဲ အခန်းအနား တစ်ခုသို့ သွားရမယ် မဟုတ်လား။
သမိုင်းရဲ့ မနက်ခင်းအာဟာရက အသင့်စောင့်ကြိုနေသည်။ နှစ်ဦးသား
အာဟရေ ပဋိကုလသညာ ကမ္မဋ္ဌာန်းဇောနဲ့ အလုပ်အလွေးပြုပြီးသောအခါ
ကားတစ်စီးနဲ့ ဖွင့်ပွဲသို့ ...။
အပြောင်းအလဲတွေနဲ့ အတူ ရန်ကုန်မြို့ ကားကြပ်သည် ဟူသော
ငြီးတွားသံသည် လူတိုင်း ဟစ်ကြွေးနေသော တေးတစ်ပုဒ်လိုဖြစ်နေပေသည်။
ထို့ကြောင့်ပင် သမိုင်းမှသည် တာမွေ ရှင်ဗာကု နားသို့ တစ်နာရီအချိန်အတွင်း
မရောက်နိုင်ခဲ့ပေ။ May International School, English for Buddhism, ပြီးတော့
အောက်နားလေးမှာ (ကားပိတ်မရပ်ရ) ဟူသော ဆိုင်းပုဒ်ရှေ့ရောက်တော့
ကိုးနာရီခွဲပေတော့မည်။
ဆရာမမေနန္ဒာ ပြုံးချို ရွှင်အေးစွာ နူတ်ဆက်လျက် ပြောပြသည်မှာ
ဖွင့်ပွဲက ကိုးနာရီစ၊ အခုတော့ ပြီးသွား။ သင်တန်းသားများ စာသင်ခန်းမှာ
သင်ကြားနေ၊ Level သုံးဆင့်ခွဲ၍ သုံးနေရာမှာ သင်ကြားနေ။ သင်တန်းခန်းမ
နှစ်ခုတွင် ဘုန်းဘုန်းနှစ်ပါးက ကလေးငယ်များကို သင်ပြနေ။ ကျန်တစ်ခုက
ဆရာ ဆရာမတွေက အင်္ဂလိပ်စာ သင်ပေးနေ။
အဟဲ။ ....။ ထိုအဟဲသည်ပင် ပို့စ်လေး ရေးဘို့ ဖြစ်လာပေသည်။
သင်တန်းခန်းမတွေ လိုက်ကြည့်အားပေးပြီး နူတ်ဆက်စကားဆိုဖြစ်သည်။
ဆရာမက အာဟာရဒါနပါ ပြုပါမည်ဟု တောင်းပန်နေသော်လည်း
မိတ်ဆွေကြီးနဲ့ အတူ သမိုင်းသို့ပင် ကားကြပ်ကြပ် လမ်းမများအတိုင်း
ပြန်ခဲ့ပေသည်။
ကားထွက်လို့ နူတ်ဆက်စကားဆိုတော့ ဒီဖွင့်ပွဲမှာ
အားပေးစကားပြောပေးဘို့ စိတ်ကူးခဲ့တာ ရှိပါတယ်။ မပြောဖြစ်ခဲ့တဲ့
အဲဒါလေးကိုကမ္ဘာ့အွန်လိုင်းပေါ်ကနေ ရေးပေးပါ့မယ် ဟူသော
ကတိစကားကို ပေးခဲ့မိသည်။
ကဲ ... ကဲ စကြပါစို့။
အခန်းအနားမှူးက အားပေးစကားပြောပေးရန် ဖိတ်ခေါ်စေ။
ဆရာ၊ ဆရာမများနဲ့ သင်တန်းသားများက ရင်သတ်ရှုမောစွာ
ကြည့်နေကြစေ။
မိတ်ဆွေကြီး ဓမ္မဂင်္ဂါနှင့် သင်တန်းပြဆရာတော် နှစ်ပါးတို့
စင်မြင့်ပေါ် ခန့်ခန်းညားညားထိုင်တော်မူကြလျက် ရှိစေ။
ဓမ္မဂင်္ဂါ၏ စိတ်ထဲ၌ကား “ငါ့အကောင် ဘာတွေ ပစ်တော့
မလဲ” ဟူသော အကြည့်ဖြင့် စူးစိုက်တော်မူစေ။
ထိုအချိန် တစ်လှမ်းချင်း ။ ပြီးတော့ တစ်လှမ်း ထပ်လှမ်း။
မိုက်စတင်းကို ဘယ်လက်ဖြင့်ကိုင်။ ညာလက်ကို
အပေါ်သို့ မြောက် .... “အားလုံးပဲ မင်္ဂလာပါ။
အခုလို ဆရာတော်များ၊ ဆရာ ဆရာမများ။ သင်တန်းသူ
သင်တန်းသားများ။ ကျောင်းသားမိဘများကို တွေ့ဆုံခွင့်
ရတဲ့အတွက်။ ဒီသင်တန်းရဲ့ ဖွင့်ပွဲမှာ အားပေးစကား
ပြောခွင့်ရတဲ့အတွက် အလွန် ဝမ်းသာဂုဏ်ယူမိပါတယ်။”
ဒီသင်တန်းဟာ နွေရာသီ ကျောင်းပိတ်ရက်မှာ
ဗုဒ္ဓဘာသာနဲ့ အင်္ဂလိပ်စာကို သင်ကြားပေးတဲ့သင်တန်းပါ။
ဘာသာရဲ့ အနှစ်သာရပိုင်းနဲ့ ယဉ်ကျေးမှုပိုင်းကိုလဲ
သင်ယူရမှာဖြစ်သလို အင်္ဂလိပ်စာဖက်မှာလဲ ပိုတိုးတက်
လာမှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ပြောရရင် ဗုဒ္ဓဘာသာရဲ့
သွေးတွေ နွေးနေအောင် သိရမှာဖြစ်သလို
ခေတ်ကြီးနဲ့ ချိတ်ဆက်ပေးနေတဲ့ Language ကိုလဲ
သိရမှာဖြစ်ပါတယ်။ ဘာသာရေးအသိပဲ ဖြစ်ဖြစ်
ပညာရေး အသိပဲဖြစ်ဖြစ် ဒီခေတ်ကြီးထဲမှာ အင်မတန်
လိုအပ်ပါတယ်။ လောကလူ့အဖွဲ့အစည်း တိုးတက်
လာတယ် ထွန်းကားလာတယ်ဆိုတာ အဲဒီ အသိပညာ
အတတ်ပညာတွေကြောင့်ပါ။ လူသားတွေ ပိုယဉ်ကျေး
လာတယ်ဆိုတာလဲ ကောင်းတဲ့ ဘာသာတရားရဲ့
လမ်းညွန်ချက်တွေ။ သင်ကြားမှုတွေကြောင့် ဆိုတာ
သေချာပါတယ်။ ဒါကြောင့် အသိပညာ အတတ်ပညာ
ဗဟုသုတဆိုတာ လူသားတစ်ယောက်ရဲ့ ဘဝ
အနေအထားကို ဖေါ်ပြနေတတ်ပါတယ်။ သားတို့
သမီးတို့အနေနဲ့ ဗဟုသုတနဲခဲ့မယ်ဆိုရင်.....
“ရွှေတိဂုံဘုရားဟာ ၂၇တောင်ရှိတဲ့ မြို့ဦးမြသိန်းတန်
ဘုရားလောက် ကြီးသလား ဘုန်းဘုန်း” ဆိုတဲ့ အမေး
စကားလို ဖြစ်နေပေလိမ့်မယ်။
ဒီအချိန်မှာ ဓမ္မဂင်္ဂါ၏ မျက်နှာအမူအရာသည် ရုတ်ချည်း
ပြောင်းလဲစေ။ “ကိုယ့်လူတော့ လေရှည်ပေတော့မည်။
ပါဝင်မိသည့် သက်ရှိသတ္တဝါတွေ စိတ်မချမ်းသာခြင်းများ
အထွေးလိုက်တွေ့ပေတော့အံ့” ဟူသော အတွေးဖြင့်
မျက်နှာမူရာ မဲ့ရွဲ့စေ။
အဖြစ်အပျက်လေးက ဒီလိုပါ။ ရွှေတိဂုံဘုရားဆိုတာ
မြန်မာပြည်မှာသာမက၊ ကမ္ဘာကပါ သိပါတယ်။ ကြီးလဲကြီးတယ်။
ထင်လဲ ထင်ရှားတယ်။ သမိုင်းတွေ၊ ဖတ်စာတွေမှာလဲ သင်ရတယ်။
ဒါပေမယ့် ဒါကို မယုံနိုင်ဘူးဆိုတဲ့ လူတွေကို ဘုန်းဘုန်းတို့
တွေ့ခဲ့ဖူးတယ်။ ၂၀၀၀၊ ၂၀၀၁ ။ နှစ်နှစ် .... ဟိုး..... စစ်ကိုင်းတိုင်း
ချင်းတွင်းမြစ်ဖျား၊ ခန္တီနယ်၊ နန်ဖာဆိုတဲ့ သာသနာပြုဌာနမှာ
သာသနာပြု အဖြစ်နဲ့ နေခဲ့ဖူးတယ်။ အဲဒီမှာ နာဂလူမျိုးတွေပေါ့။
သူတို့က တောင်တန်းတွေမှာ......
ဒီအချိန် မီးပျက်။ .... မီးပျက်တော့ မိုက်အသံမထွက်။
အဲဒါကြောင့် ပရိသတ်ကို အော်ပြီးပြောပြ။ အဲဒါတွေက
အခုအသံဝင်နေလို့ ။ မနက်ဖြန်မှ ပြန်ပြောပြတော့မယ်။
ရှင်ဥာဏိန္ဒ
9.3.2013
No comments:
Post a Comment