“ပြန်ခွင့်ပြုပါဦးဘုရား။ ကိုကြီးရောက်မှ လာခဲ့တော့မယ်ဘုန်းဘုန်း”
နုတ်ဆက်စကားနဲ့ အတူ သားငယ်ကို လက်ဆွဲလျက် ထွက်သွားတဲ့
ဒကာမောင်ကျော်ကို ငေးကြည့်နေရင်း ဆရာတော်လေး ဦးဓမ္မိဿရက
တစ်စုံတစ်ခုကို တွေးလိုက်မိတာပါ။ ပြီးတော့ ပြုံးမိလေသလား။
“တပည့်တော်ဘဝက ကမ်းပျောက်တဲ့ ငှက်တစ်ကောင်ပါ။
ဆိပ်ကမ်းမဲ့ သင်္ဘောတစ်စင်းပါဘုရား။ သံယောဇဉ် မီးလောင်ဗုံးတွေကို
သယ်ဆောင်ထားရတဲ့ ရင်ထဲက အပူကို ငြိမ်းပေးပါဘုရား”
မျက်ရည်တွေတွေကျရင်း လျောက်ထားနေတဲ့ မောင်သန်းဝင်း။ ဒီအဖြစ်
အပျက်က ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တာ။ အဲဒီတုန်းက မျက်ရည်ဟာ သူ့ရင်ဘတ်
ထဲက ချော်ရည်ပူ။ နာကျည်စိတ်နဲ့ အံကြိတ်ထားတဲ့ သူ့ပါးစောင်တွေဟာ
မီးတောက်တွေ ပွင့်ထွက်မတတ်။ နေ့စဉ်ရက်ဆက် သေရည်ကို အဖေါ်ပြုရင်း
သံယောဇဉ်နဲ့ ယှဉ်တွဲနေတဲ့ လက်စားချေလိုမှုကို ရှာဖွေမိသေး။ လုပ်ရက်ပေ့
မိစန္ဒာ။
မောင်သန်းဝင်း တက္ကသိုလ်ဒုတိယနှစ်မှာ မိစန္ဒာကို စတွေ့ခဲ့တာပါ။
ခင်မင်မှုတွေက စလိုက်တဲ့ သံယောဇဉ်တွေဟာ နှစ်ဦးသား ရင်ခွင်တွေမှာ
ချစ်အက္ခရာတွေ ရေးထိုးတဲ့အထိပါပဲ။ ယုံကြည်ချက်တွေနဲ့ တွဲကိုင်ထားတဲ့
လက်တွေ။ မျှော်လင့်မှုတွေနဲ့ရစ်ဖွဲ့ထားတဲ့ မနက်ဖြန်များစွာ။
သံစဉ်တွေ ချိုမြခဲ့ကြ။ ရင်ခုန်သံတွေလဲ နီးခဲ့ကြတာပေါ့။
မောင်သန်းဝင်း သင်္ဘောတက်တော့ မိစန္ဒာ ပဋာမြေလူး ရူးခဲ့သေးတာပေါ့။
ကမ်းပါးမှာ အလွမ်းစကားတွေနဲ့ ထွေးသိပ်ဖို့ အပြန်လမ်းကို မျော်မှန်းစောင့်နေ
မယ်ဆိုတဲ့ ကတိစကားတွေနဲ့ နှစ်ဦးလမ်းခွဲချိန်ဟာ ဆည်းဆာချိန်ဖြစ်နေခဲ့တာက
တော့ တိုက်ဆိုင်လွန်းတယ်။ ပင်လယ်ရဲ့ မာယာရင်ခွင်ထဲမှာ ကမ်းမျှော်ငှက်တစ်
ကောင်လို တောင်ပံမှာ ရွှေချပြီး အပြန်ခရီးကို မြန်မြန်နီးပါစေလို့ တိုးတိုးတိတ်
တိတ် ဆုတောင်းနေကြ။ ဤသို့ဖြင့် ရက်တွေ လ တွေ ကြာလာခဲ့ပေါ့။
အချိန်ဆိုတာက တရွေ့ရွေ့ပြောင်းနေတယ် မဟုတ်လား။ ဘယ်သူများက
တားထားလို့ ရပ်နေပါ့မလဲ။
အချစ်တွေနဲ့ ထုဆစ်ထားတဲ့ နှလုံးသားမှာလဲ ငွေဆိုတာအင်အား
တစ်ခု မဟုတ်လား။ ဘဝရဲ့ ကောင်းကင်မှာ ငွေမျက်နှာနဲ့ကွပ်မှ အရောင်ထွက်
တယ်လို့ လက်ခံထားတဲ့ ဒီကမ္ဘာ။ အခုတော့ အချစ်တွေကို ပို့ငွေတွေနဲ့ ရောကြို
လိုက်တော့ မောင်သန်းဝင်းရဲ့ ရင်ထဲမှာ အလွမ်းဆိုတာ ရွှေဘောင်ကွပ် သိမ်းထား
ရမယ့် ခွန်အားတွေပေါ့။ မိဘတွေဆီ တစ်ဝက်ပို့။ ကျန်တစ်ဝက်ကို ချစ်သူသက်ထား
မိစန္ဒာဆီပို့တယ်။ အနာဂတ်နေ့ရက်တွေကို တွေးမိလေတိုင်း ပင်လယ်လှိုင်းတွေလဲ
မကြမ်းတော့ပါ။ အားပေးစကားတွေနဲ့ ချိုသာတဲ့ အပြုံးရိပ်တွေက ကမ်းထိပ်မှာ
အသင့်စောင့်နေတာပေါ့။
ဤသို့ဖြင့် ပြီးခဲ့တဲ့နှစ် သင်္ကြန်နီးတော့ မောင်သန်းဝင်း မြန်မာပြည်ပြန်
ရောက်လာခဲ့တာပါ။ မိဘနှစ်ပါးနဲ့ ညီ၊ ညီမတွေ ပျော်လို့မဆုံး။ စကားတွေ ပြောလို့
မကုန်ကြ။ အစ်ကိုကြီးတစ်ယောက်ရဲ့ မေတ္တာရင်ခွင်ထဲ ဝင်ခိုနားကြ။ အဲဒီအစ်ကို
ကြီးက သုံးရက်မြောက်တော့ စကားမပြောတော့ဘူး။ အပျော်လို့ထင်ခဲ့တာတွေ
နေ့တိုင်းမူးတဲ့ အခြေဖြစ်လာတယ်။ ဘယ်သူ့ကိုမှ ရန်မရှာပေမယ့် တစ်နေကုန်
သောက်နေတော့ပါပဲ။ ဖခင်က ချော့မေးတော့မှ သူပို့ထားတဲ့ငွေတွေနဲ့ သူ့ကောင်
မလေး မင်္ဂလာဆောင်တော့မှာတဲ့လေ။ နှလုံးသားကို အလုခံရတာထက်
ပို့ငွေတွေကို သစ္စာယောင်ဆောင် မျောယူလိုက်တဲ့ ပိုင်းလုံးကို ပိုရှက်မိတာပါ။
နောင်တလိုလို ဝမ်းနည်းသလိုလို ပိုခံစားလာရတော့ အဖေါ်အဖြစ်
သောက်။
ကျောင်းရောက်တာတောင် ကိုယ့်လူက အလွမ်းမပြေသေး။
မျက်ရည်တွေနဲ့ ခင်းကျင်းထားတုန်း။ ဝေဒနာတွေ အနားသတ်ထားတဲ့
လမ်းခွဲမျက်ရည်တွေက ဒုလ္လဘဝတ် ကြီးနဲ့တောင်ကျနေသေး။
အင်း…. ဒီနှစ်လဲ ဒီကောင်ပြန်လာတော့မယ်ဆိုပဲ။ ဒီနှစ်တော့
မျက်ရည်ပူတွေနဲ့ မလုံးထွေးလောက်ပါဘူး။ ဒါပေမယ့် မောင်သန်းဝင်းလို
လမ်းခွဲမျက်ရည်ဝေနေတဲ့သူတွေ ဘယ်လောက်ပါလာမလဲ။ လူသားဆိုတော့
အပူမကင်းပေဘူးပေါ့။ နွေမနက်ရဲ့ မြင်ကွင်းတွေမှာ နှလုံးသားအပူနဲ့
တိတ်တိတ်လေး ကျနေတဲ့ မျက်ရည်များအကြောင်း တွေးရင်း
ဦးဓမ္မိဿရ ပြုံးလိုက်မိတာပါ။ ဒုလ္လဘဝတ်တယ်ဆိုတာ လွယ်မမှတ်နဲ့။
သံယောဇဉ်အငုတ် အမြစ်ကလေးတွေနဲ့ အပူတွေကို တိုက်ချွတ်
ချင်ပေမယ့် ရင်ဝမှာ မီးတောက်လေးတွေနဲ့ ဆိုရင်……..။
အားလုံးကျန်းမာကြပါစေ
ဥာဏ်စိုး
၂၅.၃.၂၀၁၃

No comments:
Post a Comment